၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာနေ့) တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ် အကြံပေးကောင်စီ (အတိုကောက် အကြံပေးကောင်စီ) တည်ထောင်ပွဲနှင့် ပထမအကြိမ်အစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ ယင်းအဖွဲ့သည် အကျိုးအမြတ်မယူသော နိုင်ငံတကာမူဝါဒအကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်ဉာဏ်သွေးအထောက်အကူပြုရန် အဓိကတာဝန်ယူဆောင်ရွက်သည်။ တည်ထောင်စဉ်ကာလအတွင်း တရုတ်ဘက်မှ နိုင်ငံအသီးသီး၏ ထင်မြင်ချက်များကို အပြည့်အဝနားထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ နိုင်ငံအသီးသီး၏ သံရုံးများသို့ သက်ဆိုင်ရာအချက်အလက်များကို အသိပေးခဲ့ကာ အကြံပေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ရရှိပြီးမှ အဖွဲ့ဝင်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အကြံပေးကောင်စီအဖွဲ့ဝင်များတွင် သက်ဆိုင်ရာနိုင်ငံများမှ ယခင်နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် သက်ဆိုင်ရာကဏ္ဍများမှ ထင်ရှားကျော်ကြားသောပညာရှင်များ ပါဝင်ပြီး ပုဂ္ဂိုလ်ရေးအနေဖြင့် အကြံပေးကောင်စီ၏ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည်။ လက်ရှိအဖွဲ့ဝင်များတွင် အီတလီနိုင်ငံ ယခင်ဝန်ကြီးချုပ်နှင့် ဥရောပကော်မရှင် ယခင်ဥက္ကဋ္ဌ ရိုမာနို ပရိုဒီ၊ ပြင်သစ်နိုင်ငံ ယခင်ဝန်ကြီးချုပ် ဂျင်ပီယာရက် ရာဖရင်၊ အီဂျစ်နိုင်ငံ ယခင်ဝန်ကြီးချုပ် အာမက် နာဇစ်၊ ရုရှားနိုင်ငံ ယခင်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာရေးရာကောင်စီဥက္ကဋ္ဌ အီဂေါ အီဗန်နော့ဗ်၊ အင်ဒိုနီးရှားနိုင်ငံ ယခင်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဖန်တီးမှုစီးပွားရေးဝန်ကြီး မာရီ ပန်ဂက်စ်တူ၊ ကုလသမဂ္ဂ အာရှ-ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် ယခင်အလုပ်အမှုဆောင်အတွင်းရေးမှူး နိုလီန် ဟေဇာ၊ အာဖရိကသမဂ္ဂကော်မရှင် ယခင်ဒုတိယဥက္ကဋ္ဌ အီရက်စတပ်စ် မွင်ချာ၊ ဗြိတိန်ဘဏ္ဍာရေးဌာန ရပ်ဝန်းနှင့် ပိုးလမ်းမ ဘဏ္ဍာရေးနှင့် အထူးကျွမ်းကျင်ဝန်ဆောင်မှုအထူးသံတမန် ဒေါက်ဂလပ်စ် ဖလင့်၊ စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်ယူ အများပြည်သူမူဝါဒကျောင်း ယခင်ကျောင်းအုပ် ကစ်ရှော မဟဘူဘာနီ၊ ကုလသမဂ္ဂ လက်တင်အမေရိကနှင့် ကာရစ်ဘီယံစီးပွားရေးကော်မရှင် အလုပ်အမှုဆောင်အတွင်းရေးမှူး အလီရှယ် ဘာစီနာ (ဖိတ်ကြားထားသောဧည့်သည်)၊ ကမ္ဘာ့ဘဏ် ယခင်ဒုတိယဥက္ကဋ္ဌနှင့် ပေကျင်းတက္ကသိုလ် အမျိုးသားဖွံ့ဖြိုးရေးသုတေသနဌာန ဂုဏ်ထူးဆောင်ကျောင်းအုပ် လင် ယီဖူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ဂျန်းဂျွန်း စသည်တို့ ပါဝင်သည်။

အဖွဲ့ဝင်များသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အစပျိုးမှုကို အလွန်တန်ဖိုးထားချီးကျူးကာ သက်ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးတက်မှုကို အပြုသဘောဖြင့်အကဲဖြတ်ခဲ့ကြသည်။ ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ခြင်းသည် ပွင့်လင်းသောကမ္ဘာ့စီးပွားရေးကို မြှင့်တင်ရန်၊ နိုင်ငံအသီးသီး၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ရန် အထောက်အကူဖြစ်ကြောင်း ယူဆခဲ့ကြသည်။ အဖွဲ့ဝင်များက အားလုံးပါဝင်ဆွေးနွေး၊ အတူတကွတည်ဆောက်၊ အကျိုးအမြတ်အားလုံးခံစားရမည့်မူအရ ဆက်လက်ဆောင်ရွက်ရန်၊ အခြေခံအဆောက်အအုံဆက်သွယ်မှုကို အဓိကလမ်းကြောင်းအဖြစ်ထားရှိကာ ကဏ္ဍအသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ စောစောစီးစီးအောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန်၊ ကုလသမဂ္ဂ ၂၀၃၀ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရေးကို အထောက်အကူပြုကာ ဆက်စပ်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် အကြံပြုခဲ့ကြသည်။